သ​ဘာ​ဝ​ဝန်းကျင် ချစ်​မြတ်နိုး​သူ​များ​သို့

မြန်မာ​နိုင်ငံ​တစ်​ဝှမ်း ရေ​ဘေး​ကြောင့် ဒုက္ခရောက်​ကြ​ရ​သည့် အကြောင်းအရာ​များ​မှာ သတင်းစာ၊ ဂျာနယ်၊ Facebook စာ​မျက်နှာများ​တွင် အပြည့်​အစုံ အကျယ်​အပြန့် ဖတ်​ရှု​သိရှိ မဖေါ်​ပြ​လို​တော့​ပါ။ ကိုယ်တိုင်​ခံစား​ရ​သူ​များ၊ ခံစား​ရ​သူ​များ​ကို​ဖတ်​ရှု သိမြင်​ကြ​သူ​များ မည်​သူမ​ဆို ခါး​သီး​သည့် အတွေ့​အကြုံ​နှင့် ဝမ်းနည်း​ကြေကွဲ​မှု​များ ထိ​တွေ့​ဖြစ်ပေါ်​ကြ​မည်​မှာ မြေကြီး​လက်ခတ်​မ​လွဲ ဖြစ်​ပါ​သည်။

ဤသို့ သ​ဘာ​ဝ​ဘေး​အန္တရာယ် ကြုံတွေ့​သူ​များ​အား တိုက်ရိုက်​မ​ခံစား​ရ​သူ​များ​က ဘယ်နှစ်​ကြိမ် ကူညီ​နိုင်​အုံး​မည်​နည်း။

အဘယ်​မျှ​ကူညီ​နိုင်​ကြ​မည်​နည်း။ ဤသို့​ဘေး​အန္တရာယ်​မျိုး​ကို ဘယ်နှစ်​ကြိမ် ခံစား​ကြ​ရ​မည်​နည်း။ ခံ​နိုင်​ရည်​ကော မည်​မျှ​ရှိ​ကြ​မည်​နည်း။ ပြန်လည်​ထူထောင်​ရေး လုပ်​ငန်း​များ​ကို နိုင်​ငံတော်​က​လည်း ဘယ်နှစ်​ကြိမ်​ဘယ်နှစ်​ခါ ဆောင်ရွက်​ပေး​နိုင်​ကြ​မှာ​လဲ။ ဒီ​လို​သာ ခဏခဏ ပြန်လည်​ထူထောင်​နေ​ရ​မယ်​ဆို​ရင် ကမ္ဘာ​နှင့် ရင်​ဘောင်​တန်း​မဲ့ ခေတ်​မှီ​ဖွံ့ဖြိုး​တိုးတက်​သော နိုင်ငံ​ကို ဘယ်​လို​နှုန်း​နဲ့ တည်ဆောက်​နိုင်​တော့​မှာ​လဲ။ အထူး​စဉ်းစား​ရန် လို​အပ်​လာ​ပါ​သည်။

သ​ဘာ​ဝ​ဘေး​အန္တရာယ် ကြုံတွေ့​ခံစား​ရ​သူ​တွေ​ကို ကူညီ​ထောက်ပံ့​သည်​ပဲ​ထား မိမိ​တို့​တစ်​သက်​လုံး​ပဲ​ဖြစ်​ဖြစ် နှစ်​ပေါင်း(၂​ဝ-၂​၅)ပဲ​ဖြစ်​ဖြစ် ကြိုးစား​အားထုတ် ရှာဖွေ​စုဆောင်း​ထား​သ​မျှ​တို့​ကို နာရီ​ပိုင်း ရက်​ပိုင်း​အတွင်း အကုန်​လုံး​ဆုံးရှုံး နောက်​တစ်​ခါ​အသစ်​က​ပြန်​စ ဒီ​လို​မျိုး​ဘယ်​သူ​တွေ​က​များ​တွေ့​ကြုံ​ချင်​ပါ့​မ​လဲ။ ဘယ်နှစ်​ခါ​လောက် တွေ့​ကြုံ​ခံစား​နိုင်​မှာ​မို့​လဲ။ ကူညီ​တဲ့ လူ​တွေ​က​ရော န​ဂို​အခြေအနေ​ပြန်​ဖြစ်​အောင် တကယ်​ပဲ ကူညီ​နိုင်​ကြ​မှာ​လား။ အဘယ်​မျှ​လောက်​ကူညီ​နိုင်​ကြ​မှာ​လဲ။ စဉ်းစား​စရာ​ပါ။

ထို့​ကြောင့်​ယခု​လို ရေ​ဘေး​ဒုက္ခ​အန္တရာယ်​တွေ့​ကြုံ​ချိန်​မှာ လူကြီး​လူ​ငယ် ကလေး​ပါ​မ​ကျန် ဘာသာ​မ​ရွေး လူ​မျိုး​မ​ရွေး​တို့​က ကူညီ​မစ​ထောက်ပံ့​ခြင်း​များ​တို့​ကို အတိုင်း​မ​သိ ကျေးဇူး​ဥ​ပကာ​ယ တင်​ရှိ​ခြင်း​နှင့်​အတူ ရှေ့​အနာဂတ်​စိန်ခေါ်​ချက်​တစ်​ခု​ကို တင်ပြ​လို​ပါ​သည်။ ကမ္ဘာ​ကြီးပေါ်​မှာ Global Warming ကြောင့်​ရာသီ​ဥတု​ဖေါက်​ပြန်​မှု​တွေ ရှိ​နေ​တဲ့​အချိန်​မှာ မိမိ​တို့​ရဲ့ နေထိုင်​ကျက်စား​ရာ ဒေသ​ဝန်းကျင်​ကို ကောင်း​စွာ မ​ထိန်းသိမ်း​ခဲ့​မိ​သော​ကြောင့် တစ်​ပူပေါ်​နှစ်​ပူ​ဆင့်​ကာ ပြင်းထန်​တဲ့ ဘေး​အန္တရာယ်​တွေ ကြုံတွေ့​ကြ​ရ​တာ​ပါ။ ဒါ​ကြောင့် သ​ဘာ​ဝ​ဘေး​အန္တရာယ် ကာ​ကွယ် တားဆီး​ရေး​တို့​ကို ကိုယ်​လက်လှမ်း​မှီ​သ​မျှ ကိုယ်လုပ်​ဆောင်​နိုင်​သ​မျှ ကိုယ့်​ဖာ​သာ​ကိုယ် ယခု​အချိန်​က​စ​ပြီး လုပ်ဆောင်​ကြ​ရင် မ​ကောင်း​ပေ​ဘူး​လား။

ကျွန်တော်ဟာ အသက်(၁​၈)နှစ်​အရွယ် ကျောင်း​သိပ္ပံ​ခန်း​ထဲ​မှာ Practical လုပ်​ရင်း ပေါက်ကွဲ​မှု​ကြောင့် အမြင်​အာရုံ​ချို့တဲ့​ခဲ့​သ​လို ဘယ်​ဘက် လက်​တစ်ဖက်​လည်း ဆုံးရှုံး​နေ​သူ​ပါ။ ရှိ​တဲ့ ညာ​ဘက်​လက်​လည်း အကောင်း ပကတိ​တော့​မဟုတ်​ပါ။ အဲ​ဒီ​အခြေအနေ​မျိုး​နဲ့ ကြိုးစား​အားထုတ်​ပြီး မ​သန်​သ​လို မ​စွမ်း​တဲ့​ဘဝ​ထဲ​မှာ​သာ ရပ်​မ​နေ​ဘဲ ရုန်း​ထွက်​လာ​နိုင်​ခဲ့​သူ​ပါ။ မျက်​မ​မြင်​လုပ်​ငန်း​ကြီး​တစ်​ခု​ကို တည်ထောင်​ဖန်တီး​ပြီး မျက်​မ​မြင်​များ တို့​အား ကူညီ​မစ​နေ​တဲ့​သူ​ပါ။ တစ်​ပြိုင်​နက်​ထဲ ကျွန်တော်​ရဲ့ မျက်​မ​မြင်​ကျောင်း​များ​တည်​ရှိ​ရာ ကျောင်း​ဝင်း​တိုင်း​မှာ သ​ဘာ​ဝ​ဝန်းကျင် ထိန်းသိမ်း​စောင့်ရှောက်​သ​လို ငါး​နဲ့​ငှက်​များ​ကို​လည်း သ​ဘာ​ဝ​အတိုင်း ဝင်​ထွက် သွား​လာ​ခွင့် ပြု​ထား​ပါ​တယ်။ ကျွန်တော့​ကျောင်း​ဝင်း(၄)ဝင်း​မှာ Waste Managementကို​လည်း အသေ​အချာ ဆောင်ရွက်​နေ​ပါ​တယ်။ လုပ်​နိုင်​တာ​က​နေ လုပ်​နိုင်​သ​လောက် လုပ်ဆောင်​ခြင်း​ပါ။ ယခု​လည်း မြန်မာ​နိုင်ငံ​တစ်​ဝှမ်း​ရဲ့ သ​ဘာ​ဝ​ဘေး​အန္တရာယ် ကာ​ကွယ်​တားဆီး​ရေး​အတွက် စ​နိုင်​တာ​ကို​စ​တဲ့​အနေ​နဲ့ သ​ဘာ​ဝ​ဝန်းကျင် ချစ်​မြတ်နိုး​သူ​များ​ကွန်​ယက်​ကို ဖွင့်​လိုက်​ပါ​တယ်။ သ​ဘာ​ဝ​ဝန်းကျင်​ကို ချစ်​မြတ်နိုး​သူ​တိုင်း ဤ​ကွန်​ယက်​မှာ လာ​ရောက်​ချိတ်ဆက်​ကြ​ပြီး နိုင်ငံ​တစ်​ဝှမ်း အတူ​လက်​တွဲ ဆောင်ရွက်​ကြ​ရအောင်​ပါ​လို့ ဖိတ်ခေါ်​ပါ​ရ​စေ။

ဒီ​တိုင်း​နေ​လို့​ကတော့ ဘာ​မှ​ဖြစ်လာ​မှာ​မဟုတ်​ပါ​ဘူး။ ဤ​ကွန်​ယက်​မှာ ခေါင်းဆောင်​နဲ့​နောက်​လိုက်၊ ဆရာ​နဲ့​တပည့်၊ ညွန်​ကြား​သူ​နဲ့ လိုက်နာ​သူ ဟူ၍​မ​ရှိ​ပါ။ အားလုံး​သ​ဘာ​ဝ​ဝန်းကျင် ချစ်​မြတ်နိုး​သူ​များ​သာ​ဖြစ်​ကြ​ပါ​တယ်။ အကြံ​အား၊ ဉာဏ်​အား၊လုပ်​အား​နဲ့​အရင်းအမြစ်​များ​ကို တစ်​ဦး​နဲ့​တစ်​ဦး ဖေး​ကူ ဝေမျှ​ကြ​ရအောင်​ပါ။

လူထု​လူ​တန်း​စား​မ​ရွေး အသင်း​လိုက်သော်​လည်းကောင်း၊အစု​လိုက်​အဖွဲ့​လိုက်သော်​လည်းကောင်း၊ တစ်​ဦး​တစ်​ယောက်​ချင်း သော်လည်းကောင်း ကွန်​ယက်​တွင် ချိတ်ဆက်​နိုင်​ကြ​ပါ​သည်။

သိန်း​လွင်
မ-ခ-မ-မ
၁​၉-၈-၂​ဝ​၁​၅

(မခမမ) မိတ်သဟာယ ဝတ်ပြုခြင်း အစီအစဉ် ဖိတ်ကြားလွှာ

မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ (မခမမ) ဝန်ထမ်းဟောင်းများနှင့် တွေ့ဆုံ မိတ်သဟာယ ဝတ်ပြုခြင်း အစီအစဉ် ဖိတ်ကြားလွှာ

(မခမမ)၏ နှစ်(၄ဝ) ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်းတွင် ယခင် (မခမမ) မှ ဝန်ထမ်းဟောင်းများနှင့် တွေ့ဆုံမိတ်သဟာယဖွဲ့ဝတ်ပြုခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက် ။ ။ ၂ဝ၁၅ ခုနှစ် ၊ သြဂုတ်လ (၂၂) ရက်၊ (စနေနေ့)။
ကျင်းပမည့်အချိန် ။ ။ နံနက် (၉းဝဝ)နာရီမှ မွန်းတည့် (၁၂းဝဝ)နာရီ ထိ။
ကျင်းပမည့်နေရာ ။ ။ မခမမ ခန်းမဆောင်။

ပဲခူးရိုးမတောင်ပေါ်တွင် သစ်ပင်များ စိုက်ပျိုးရန် ဖိတ်ခေါ်ခြင်း

သဘာဝဝန်းကျင် ချစ်မြတ်နိုးသူများ

မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ(မခမမ) အနေဖြင့် လာမည့်(၂၀၁၅) စက်တင်ဘာလ(၇)ရက် တနင်္လာနေ့တွင် ပဲခူးရိုးမတောင်ပေါ် အရှေ့ခြမ်း မြို့ချောင်း မင်းလှ ဆက်သွယ်ထားသော ကားလမ်း မိုင်တိုင်အမှတ်(၆)မိုင်ဝန်းကျင် မြောက်ဖက်ရှိ ရဲနွယ်ဆည်၏ ရေဝင်ရေလွှဲနေရာတွင် သစ်ပင်များစတင်စိုက်ပျိုးပါတော့မည်။ မိုးကုန်ခါနီးဖြစ်သော်လည်း (၁)ရက်နောက်ကျလျှင် (၁)ရက် လူထုအတွက် နစ်နာပါသည်။ သို့ဖြစ်၍ မရအရ စိုက်ပျိုးရန် ဆုံးဖြတ်ပါသည်။ မျက်မမြင် အယောက်(၁၀၀)အပါအဝင်(မခမမ)မှ လူပေါင်း(၂၀၀)တိတိ သွားရောက် စိုက်ပျိုးပါမည်။

ဉာဏ်ရည်မသန်စွမ်း ကလေးများနှင့်အတူ မိဘများလည်း လိုက်ပါကြပါမည်။ အရှိန်ရနေသည့် အပင်ပေါက်များ ရန်ကုန်မှ တောင်ပေါ်ထိ သွားရောက်ရာတွင်မော်တော်ယာဉ်ငှားခ ကုန်ကျစရိတ်များ၊ စိုက်ပျိုးရာတွင် ကူညီနိုင်မည့်လုပ်အားများ လှူဒါန်းနိုင်ပါသည်။ ထမင်းထုပ်(၃၀၀)ကိုမူ ကျောက်တံခါးမြို့နယ် ဖဒိုမြို့မှလှူဒါန်းပါမည်။ ပါ၀င်ဆင်နွဲလိုသူများ ဆက်သွယ်နိုင်ပါသည်။

ပဲခူးရိုးမတောင်ပေါ်တွင် သစ်ပင်များ စိုက်ပျိုးခြင်း

သဘာဝဝန်းကျင်ထိန်းသိမ်းခြင်းကို တနည်းအားဖြင့် အထောက်အကူပြုသည့်အနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ပထမအကြိမ်တွင်

ပဲခူးရိုးမတောင်ပေါ် အရှေ့ခြမ်းမြို့ချောင်းမင်းလှ ဆက်သွယ်ထားသောလမ်း မိုင်တိုင်အမှတ်(၆)မိုင် ၀န်းကျင်မြောက်ဖက်ရှိ ရဲနွယ်ဆည်၏ ရေဝေရေလဲနေရာတွင် အပင်ရေ(၂၀၀၀)ကို စိုက်ပျိုးခဲ့ပါသည်၊ ဒုတိယအကြိမ်အဖြစ်(၂၈.၉.၂၀၁၅)နေ့တွင် (၇)မိုင် အပင်များကို ရသလောက်စိုက်ပျိုးမည်ဖြစ်ပါသည်။ ထိုအစီအစဉ်တွင် ရန်ကုန်မျက်မမြင်ကျောင်းမှကျောင်းသူကျောင်းသားနှင့် ဆရာ/မ(၇၀)ဦး ၊ဧဒင်မသန်စွမ်းရိပ်မြုံမှကျောင်းသူ/သားနှင့်ဆရာ/မ(၂၅)ဦးအပါအဝင် ကူညီသူများနှင့် အလှူရှင်များ စုစုပေါင်းဦးရေ(၁၀၀)ကျော် သွားရောက်စိုက်ပျိုးကြမည် ဖြစ်ပါသည်။ သဘာဝသစ်တောများကို ထိန်းသိမ်းရန်အတွက် တောမပြုန်းရအောင် စိုက်ပျိုးခြင်းဖြစ်ပါသည်။